အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၈) အထွေထွေ

၃၂။ ဗဟိုကော်မတီသည် ဤဥပဒေမပြဋ္ဌာန်းမီ ဖွဲ့စည်းထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်ခံ၍ ဤဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၃၃။ လုပ်ငန်းကော်မတီသည် ဤဥပဒေမပြဋ္ဌာန်းမီ ဖွဲ့စည်းထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်ခံ၍ ဤဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၃၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို  ဆောင်ရွက်နိုင်စေရန် တာဝန်ခံဝန်ကြီးဌာနသည် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ အေဂျင်စီရုံးခွဲနှင့် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသော အဖွဲ့တို့၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကို ကျခံရမည်။

၃၅။ တာဝန်ခံဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ဗဟိုကော်မတီအဖွဲ့ဝင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ အေဂျင်စီ အဖွဲ့ဝင်၊ ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့ဝင်နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဝင်တို့၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

၃၆။ ဤဥပဒေပါ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်။

၃၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) တာဝန်ခံဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တာဝန်ခံဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ ၊ အမိန့် ၊ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) အေဂျင်စီသည် လုပ်ငန်းကော်မတီ၏ သဘောတူညီချက်ဖြင့် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို  ထုတ်ပြန်နိုင်သည်။