အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၇) မှတ်ပုံတင်ခြင်း

၂၉။ အေဂျင်စီသည်-

(က) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် သက်ဆိုင်ရာလိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်လက်မှတ် တင်ပြနိုင်လျှင် မှတ်ပုံတင်ခွင့်ပြုရမည်။

(ခ) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ရန် မလိုအပ်သည့် လုပ်ငန်းဖြစ်ပါက အောက်ပါသတ်မှတ်ချက်များနှင့် ညီညွတ်လျှင် မှတ်ပုံတင်ခွင့်ပြုရမည်-

(၁) ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်း၊

(၂) သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊ ပြန် လည်ထိန်းသိမ်းရေး လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်း၊

(၃) မီးဘေးအန္တရာယ် ကင်းရှင်းခြင်း၊

(၄) လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်မှုမရှိခြင်း။

၃၀။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် သက်ဆိုင်ရာ တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့် အဖွဲ့များ၌ မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း လိုင်စင်ထုတ်ယူခြင်းနှင့် လိုအပ်သော ထောက်ခံ ချက်များ လျှောက်ထားခြင်းတို့ ပြုနိုင်သည်။

၃၁။ အေဂျင်စီသည် အောက်ပါအကြောင်းအရာ တစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ မှတ်ပုံတင်ခွင့်ကို ပြန်လည် ရုပ်သိမ်းရမည်-

(က) လုပ်ငန်းဆောင်ရွက်သူက မှတ်ပုံတင် လက်မှတ်ကို ပြန်လည် အပ်နှံခြင်း၊

(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လုပ်ငန်းရပ်စဲခံရခြင်း၊

(ဂ) အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ထက်ကျော်လွန်၍ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲ ဖြစ်ပေါ်မှုသည် ကန့်သတ်ကာလ ၃ နှစ် ထက်ကျော်လွန်ခြင်း။