အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၁၀) ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၉။ လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီ ၏ သဘောတူညီချက်ဖြင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းရမည်။ ဗဟိုကော်မတီက တာဝန်ပေးအပ်သည့် အဖွဲ့ဝင်တစ်ဦးက အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရမည်။

၂၀။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ အတိုးသက်သာသော ချေးငွေများရရှိနိုင်ရေး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းလျာထားရန်၊ လုပ်ငန်းကော်မတီသို့ တွက်ချက်တင်ပြခြင်း၊

(ခ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူပြု ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေတစ်ရပ်အား လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ အဆိုပြု တင်ပြခြင်း၊

(ဂ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်ကထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပ ငွေကြေးအဖွဲ့အစည်းများမှ အကူအညီရရှိငွေ၊ အလှူရှင်များက လှူဒါန်းငွေ မိမိဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ဆောင်ခ ရရှိငွေတို့နှင့် ထူထောင်ထားရှိခြင်း၊

(ဃ) ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသော အဖွဲ့အစည်းများနှင့် မှတ်ပုံတင်ထားရှိသော အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊

(င) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အတိုး သက်သာစွာ သတ်မှတ်သော အထူးချေးငွေတစ်ရပ်နှင့် ပြည်တွင်းပြည်ပဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများမှ ရရှိနိုင်သည့် အတိုးမဲ့ချေးငွေ၊ အတိုးသက်သာသောချေးငွေ၊ ချေးငွေ တစ်ရပ်ရပ်ကိုရယူပြီး အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်နှင့် သက်ဆိုင်ရာဘဏ်များမှ တစ်ဆင့် မှတ်ပုံတင်ထားရှိသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက်ချေး ယူနိုင်ရန် စီစဉ်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊

(စ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ငွေကြေး ကျခံသုံးစွဲခြင်း၊

(ဆ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအား သာမန်ချေးငွေ၊ အတိုးနှုန်း သက်သာသောချေးငွေ၊ အတိုးမဲ့ချေးငွေ၊ ပြန်လည်ပေးဆပ်စရာ မလိုသော အကူအညီငွေများရရှိရန်အတွက် အထောက်အကူပြုရန် ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန ကို တည်ထောင်ခြင်း၊

(ဇ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအား ငွေချေးရာတွင် ဆုံးရှုံးမှုများ ကာကွယ်နိုင်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ချေးငွေအာမခံကုမ္ပဏီများ၊ ချေးငွေအာမခံ ကော်ပိုရေးရှင်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခြင်း။

၂၁။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် ငွေကြေးဆိုင်ရာကိစ္စများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့နှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ရမည်။