အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
Download : Myanmar / English
အခန်း(၇) အေဂျင်စီနှင့်အေဂျင်စီရုံးခွဲများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၁။ လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများမှ ဌာနအကြီးအမှူးများ ၊ အသင်းအဖွဲ့များမှ သင့်လျော်သည့် ကိုယ်စားလှယ်များ၊ ပညာရှင်များ ပါဝင်သည့် အေဂျင်စီကို ဖွဲ့စည်းရမည်။

၁၂။ ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်က အေဂျင်စီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရမည်။ အေဂျင်စီဥက္ကဋ္ဌသည် ဒုတိယဝန်ကြီး အဆင့်ပုဂ္ဂိုလ် ဖြစ်သည်ဟု မှတ်ယူရမည်။

၁၃။ တာဝန်ခံဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် အေဂျင်စီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။

၁၄။ အေဂျင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များအပေါ် နှစ်ပတ်လည် တိုးတက်မှုအစီရင်ခံစာကို လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ တင်သွင်းခြင်း၊

(ဂ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ၏ လုပ်ငန်းသဘောသဘာဝအလိုက် ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များကို လျော့နည်းစေရန် ပံ့ပိုးကူညီ ဆောင်ရွက်ခြင်း၊

(ဃ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို လိုအပ်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဒေသဆိုင်ရာ အေဂျင်စီ ရုံးခွဲများ တည်ထောင်ခြင်းနှင့် တစ်နေရာတည်း ဝန်ဆောင်မှုပေးသည့်အဖွဲ့များ တည် ထောင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(င) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သော ဥပဒေပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(စ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အကြံဉာဏ် ပေးခြင်း၊  အလုပ်ရုံဆွေးနွေးပွဲ များကျင်းပခြင်းနှင့် သင်တန်းများပေးခြင်း၊

(ဆ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ တည်ထောင်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(ဇ) သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဘဏ်များနှင့် ပူးပေါင်းလျက် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရရှိစေရန် ငွေကြေးမဟုတ်သော ဝန်ဆောင်မှု များကို ဆောင်ရွက်ပေးခြင်း၊

(ဈ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ ပူးပေါင်း၍ စီးပွားရေးကွန်ရက် များ တည်ထောင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊

(ည) တီထွင်ကြံဆမှုနှင့် စျေးကွက်ချဲ့ထွင်နိုင်ရေးကို မြှင့်တင်နိုင်ရန်အတွက် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ အချင်းချင်း ယှဉ်ပြိုင်ဆောင်ရွက်မှုကို တွန်းအားပေးခြင်း၊ ကုန်စည်နှင့် နည်းပညာပြပွဲများ ကျင်းပ ပေးခြင်း၊

(ဋ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သော အငြင်းပွားမှုများကို အကြံပေးခြင်း၊ ညှိနှိုင်းဖြန်ဖြေပေးခြင်း နှင့် ခုံသမာဓိ နည်းဖြင့် ဖြေရှင်းနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊

(ဌ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းဆိုင်ရာ ဥပဒေအတိုင်ပင်ခံအဖွဲ့အစည်းများ၊ လုပ်ငန်းထူ ထောင်ရေး အတိုင်ပင်ခံ ဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်နိုင်ရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊

(ဍ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိန်းဂဏန်းဆိုင်ရာ စာရင်းများကို ကောက်ယူခြင်း၊ အဆင့်ဆင့်စစ်ဆေးခြင်း၊ မှတ်တမ်း တင်ထားရှိခြင်းနှင့် လိုအပ်ချက်နှင့်အညီ အသုံးပြုခြင်း၊

(ဎ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခွင့် ပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ မှတ်ပုံတင်သက်တမ်း သတ်မှတ်ပေးခြင်း၊

(ဏ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊

(တ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်ရေးနည်းလမ်းများ အကောင်အထည်ဖော်ရန်အတွက် ငွေကြေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ အကြံဉာဏ် ရယူခြင်း၊

(ထ) အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းအမျိုးအစားမှ ပြောင်းလဲဖြစ်ပေါ်လာပြီးနောက် ၃နှစ်အထိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း၏ အဆင့်အတန်းကို ထိန်းသိမ်းထားရှိခြင်း။

၁၅။ အေဂျင်စီ၏ လုပ်ငန်းတာဝန်များကို ဒေသအလိုက်အကောင်အထည်ဖော်မည့် အေဂျင်စီရုံးခွဲများသည် သက်ဆိုင်ရာနယ်မြေအတွင်း တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု များကို တာဝန်ခံရမည်။