၇၄။ ဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ဆက်သွယ်ရေးကဏ္ဍနှင့်သက်ဆိုင် သည့် နည်းပညာစံချိန်စံညွှန်းကိစ္စများ၊ လှိုင်းနှုန်းစဉ်များ စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စများ၊ အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုင်ရာကိစ္စများ၊ နိုင်ငံတော်အတွင်းဆက်သွယ်ရေးကဏ္ဍတိုးတက်စေရေးအတွက် မဟာဗျူဟာများ ချမှတ်ခြင်း စသည့်ကိစ္စများတွင် အကြံပြုပေးနိုင်ရေးအတွက် အစိုးရအဖွဲ့၏သဘော တူညီချက်ဖြင့် အမိန့်ကြေညာချက် ထုတ်ပြန်ပြီးဝန်ကြီး သို့မဟုတ် ဝန်ကြီးမှ တာဝန်ပေးအပ်သူက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ အသုံးပြုသူများ၊ကျွမ်းကျင်သူပညာရှင်များ၊ ဦးစီးဌာန စသည်တို့မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပါဝင်စေလျက် အမျိုးသားဆက်သွယ်ရေးအကြံပေးကော်မတီကို ဖွဲ့စည်းရမည်။ ကော်မတီ၏ လုပ်ငန်းတာဝန်များကို သီးခြားပြဋ္ဌာန်းပေးရမည်။
၇၅။ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော မည်သည့်သတင်းအချက်အလက် နှင့် ဆက်သွယ်မှုများကို မဆို ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေ ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းသို့ လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သည်။
၇၆။ ဝန်ကြီးဌာန သို့မဟုတ် ယင်းကတာဝန်ပေးအပ်သော ဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးကိစ္စများအတွက်သော်လည်းကောင်း၊ အများပြည်သူများ၏ အကျိုးအတွက်သော် လည်းကောင်း လုပ်ငန်းလိုင်စင်ရရှိသူတစ်ဦးဦးက လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အတွင်း ဝန်ဆောင်မှုပြုလုပ်နေမှုကို လိုအပ်ပါက ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေခြင်းပြုနိုင်သည်။
၇၇။ ဝန်ကြီးဌာနသည် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်သည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှုအမျိုးအစားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို ရရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ယာယီထိန်းချုပ်သုံးစွဲရေးတို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအား ညွှန်ကြား နိုင်သည်။
၇၈။ လိုင်စင်ရရှိသူသည် ပုဒ်မ ၇၇ ပါ ကိစ္စရပ်များအနက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ် ရပ်အား လုံခြုံရေးဆိုင်ရာကိစ္စအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးကို ကြိုတင်စီမံဆောင်ရွက် ထားရှိရမည်။
၇၉။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာအခြားစာရွက် စာတမ်း အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေ ခံပစ္စည်းတင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင် သည်။
၈၀။ (က) ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
(ခ) ဤဥပဒေအရပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ကြိုတင်ခွင့်ပြုချက်ကိုရယူရမည်။
(ဂ) ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဃ) ပါ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ကိုယ်စားလွှဲအပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ။
၈၁။ ဝန်ကြီးဌာနသည် လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခ၊ လှိုင်းနှုန်းစဉ်အသုံးပြုခ၊ ဆက်သွယ်ရေး နံပါတ်သတ်မှတ်ချက်နှင့် အီလက်ထရောနစ်လိပ်စာသတ်မှတ်ချက်တို့အတွက် အခကြေးငွေနှင့် ရက်လွန် ကြေးတို့ကို သတ်မှတ်ရမည်။
၈၂။ ဝန်ကြီးဌာနသည် အများပြည်သူအကျိုးငှာ ဤဥပဒေအရ လိုအပ်သော ခွင့်ပြုချက်၊ လိုင်စင်နှင့် ထောက်ခံချက်တို့ကို ရယူခြင်းမှလည်းကောင်း၊ လိုအပ်ပါက အခကြေးငွေများကို ပေးဆောင်ရခြင်းမှ လည်းကောင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် ကင်းလွတ်ခွင့် ပြုနိုင်သည်။ သို့ရာတွင် နိုင်ငံတော်အရေးပေါ်အခြေအနေနှင့် ဆက် နွှယ်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရန်မလိုဘဲဆောင် ရွက်နိုင်သည်။ ဆောင်ရွက်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည်။
၈၃။ ဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စည်းကမ်းချက်များ၊ လုပ် ငန်းဆိုင်ရာကျင့်စဉ်များနှင့် လိုအပ်သော စံချိန်စံညွှန်းများကို ဝန်ကြီးဌာန၏အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။
၈၄။ ဦးစီးဌာနသည်-
(က) နိုင်ငံတော်က လက်ခံအတည်ပြုထားသော အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်။
(ခ) အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကွန်ဗင်းရှင်းများနှင့်အညီ ဆက်သွယ်ရေးနည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာစာမေးပွဲများကို သတ်မှတ်ချက်များနှင့်အညီ စီစဉ်ကျင်းပပြီး အောင်လက်မှတ်များ ထုတ်ပေးနိုင်သည်။
၈၅။ The Myanmar Telegraph Act, 1885 နှင့် The Myanmar Wireless Telegraphy Act, 1934 တို့အရ-
(က) ထုတ်ပေးထားသည့် သက်တမ်းမကုန်ဆုံးသေးသောလိုင်စင်ကို ဤဥပဒေအရ ထုတ်ပေးသည့် လိုင်စင်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုလိုင်စင်သက်တမ်းကုန်ဆုံးသည့်နေ့အထိသာ အတည်ဖြစ်စေရမည်။ ထိုလိုင်စင်သက်တမ်းကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်သက်တမ်း မကုန်ဆုံးမီ ဤဥပဒေနှင့်အညီ လိုင်စင်လျှောက်ထားရယူရမည်။
(ခ) ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၈၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်သင့်လျော်သော ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့်လွတ်လပ်သော မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်တစ်ရပ်ကို ဤဥပဒေအာဏာတည် သည့်နေ့မှ နှစ်နှစ်အတွင်း သတ်မှတ်ဖွဲ့စည်းရမည်။
၈၇။ ဝန်ကြီးဌာနသည် ဤဥပဒေပါ ဆက်သွယ်ရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာစကားရပ်တစ် ခုခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပေးရန် လိုအပ်လာပါက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ရှင်း လင်းပေးနိုင်သည်။
၈၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ကိုလည်းကောင်း၊ ဦးစီးဌာနသည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန် နိုင်သည်။
၈၉။ အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(က) The Myanmar Telegraph Act, 1885.
(ခ) The Myanmar Wireless Telegraphy Act, 1934.