ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၇) အယူခံခုံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်း

၅၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ဝန်ကြီးဌာန၏ ဤဥပဒေအရ ချမှတ်သည့် အငြင်းပွားမှုအပေါ် စီမံခန့်ခွဲမှုဆိုင်ရာဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍ နစ်နာသူက တင်ပြလာသည့်အခါတွင် ထပ်မံ၍ အယူခံနိုင်ခွင့်ရရှိစေမည့် အယူခံခုံရုံးကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

(ခ) အယူခံခုံရုံးကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ကိုးဦးထက်မပိုသော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ရမည်။

၆၀။ အယူခံခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) အယူခံခုံရုံးဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့် သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့ သူ ဖြစ်ရမည်။

(ခ) အယူခံခုံရုံးအဖွဲ့ဝင်များသည် ဆက်သွယ်ရေးဆိုင်ရာနည်းပညာရပ်၊ ဥပဒေပညာရပ်၊ စီးပွားရေး ပညာရပ်တို့နှင့် စပ်လျဉ်း၍ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ကျွမ်းကျင်သူပညာရှင်များ ဖြစ်ရမည်။

၆၁။ (က) အယူခံခုံရုံးသည် ကြားနာမည့်နေ့ရက်ကို ကြိုတင်ကြေညာ၍ သတ်မှတ်သည့်နေ့ရက်တွင် ကြားနာရမည်။

(ခ) တင်ပြချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတို့၏ လျှောက်လဲချက်ကို ကြားနာနိုင်သည်။

(ဂ) အပြီးသတ်ဆုံးဖြတ်ချက်ကို ဆောလျင်စွာချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

(ဃ) အယူခံခုံရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ထက်ဝက်ကျော်၏ သဘော တူညီချက်ဖြင့် ချမှတ်ရမည်။

၆၂။ အယူခံခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်။

၆၃။ အယူခံခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ရှိသည်။

၆၄။ အယူခံခုံရုံး၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်​နေ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အပြီးသတ်ဆုံး ဖြတ်ချက်အစီရင်ခံစာ တင်ပြီးသည့်ကာလအထိသာဖြစ်သည်။