ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေများ
Download : Myanmar / English
အခန်း (၁၄) အငြင်းပွားမှုများကို ဖြေရှင်းခြင်း

၅၀။ လုပ်ငန်းလိုင်စင်ရရှိသူများသည်-

(က) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ကွန်ရက်အထောက်အကူပြုပစ္စည်း များ ဖြည့်ဆည်းဆောင်ရွက်ရာတွင်ဖြစ်စေ အငြင်းပွားမှုပေါ်ပေါက်သည့်အခါ အချင်းချင်း ညှိနှိုင်းဖြေရှင်း နိုင်ခြင်းမရှိပါက ထိုအငြင်းပွားမှုကို ဦးစီးဌာနသို့ တင်ပြနိုင်သည်။

(ခ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြု ခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်းတို့ ဆောင်ရွက်ရာတွင် အငြင်းပွားမှုပေါ်ပေါက်ပါက ဦးစီးဌာနသို့ တင်ပြနိုင်သည်။

၅၁။ ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်ရရှိသူအချင်းချင်း အငြင်းပွားမှုနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်း ဆုံးဖြတ်ပေးရန် ပုဒ်မ ၅၀ အရ တင်ပြချက်ကိုသော်လည်းကောင်း၊ ထိုသို့တင်ပြခြင်းမရှိသော်လည်း အငြင်းပွားမှုမှာ အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်လျှင်သော်လည်းကောင်း စေ့စပ်ညှိ နှိုင်းဆုံးဖြတ်ပေးရမည်။

၅၂။ (က) ပုဒ်မ ၅၁ အရ ဦးစီးဌာနက စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးချက်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည်-

(၁) ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါက ထိုဆုံးဖြတ်ချက် ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

(၂) ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့် သက်ဆိုင်ခြင်းမရှိသည့် ကိစ္စဖြစ်ပါက မိမိ၏နစ်နာမှုအတွက် သက်သာခွင့်နှင့် အခွင့်အရေးများကို ရရှိရန်တည်ဆဲဥပဒေများအရ သက်ဆိုင်ရာတရားရုံးတွင် တောင်း ဆိုနိုင်သည်။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အယူခံခြင်းအပေါ် ဝန်ကြီးဌာနသည်-

(၁) လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်။

(၂) ဦးစီးဌာန၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

(ဂ) ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အယူခံခုံရုံးသို့ အယူခံနိုင်သည်။