စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း (၁၁) အထွေထွေ

၂၉။ အရည်အသွေးထောက်ခံချက်ရရှိသူ၊ ယင်း၏ကိုယ်စားလှယ်နှင့် လုပ်ငန်းဆက်ခံသူတို့သည် မဖြစ် မနေ လိုက်နာရမည့် စံချိန်စံညွှန်းများကို လိုက်နာရမည်။

၃၀။ (က) ဝန်ကြီးဌာနသည် ကောင်စီဝင်များနှင့် ကော်မတီဝင်များ၏ ချီးမြှင့်ငွေနှင့်  စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။

(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က)အရ သတ်မှတ်သော ချီးမြှင့်ငွေနှင့်စရိတ်များကိုလည်းကောင်း၊ ကောင်စီ နှင့်ကော်မတီတို့၏ရုံးလုပ်ငန်းများကိုလည်းကောင်း တာဝန်ယူစီစဉ်ဆောင်ရွက်ရမည်။

၃၁။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၃၂။ ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် လွယ်ကူခြင်းမရှိပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ခြင်းမပြုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက်စာတမ်း အထောက် အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြ ဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

၃၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကောင်စီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) ကော်မတီနှင့် ဦးစီးဌာနတို့သည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။