၂၄။ မည်သူမဆို အသိအမှတ်ပြုလွှာ မရရှိဘဲ အရည်အသွေးထောက်ခံချက်ကို ထုတ်ပေးကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၅။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်-
(က) စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်တစ်ခုခုကို အတုပြုလုပ်ခြင်း၊
(ခ) ကောင်စီက သုံးစွဲခွင့်ပြုထားခြင်း သို့မဟုတ် အတည်ပြုထားခြင်းမရှိသော စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ကို အသုံးပြုခြင်း၊
(ဂ) ကောင်စီက သတ်မှတ်သည့် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းနှင့်ကိုက်ညီခြင်းမရှိကြောင်း သိလျက်နှင့်ဖြစ်စေ၊ သိရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ထုတ်ကုန်တစ်ခုခုကို ကြော်ငြာခြင်း၊ ရောင်းချ ခြင်း၊ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိခြင်း၊ ဝန်ဆောင်မှုတစ်ခုခုကို ကြော်ငြာခြင်း၊ ဝန်ဆောင်မှု တစ်ခုခုကို ဆောင်ရွက်ခြင်း။
၂၆။ အရည်အသွေးထောက်ခံချက်ရရှိသူ မည်သူမဆို သက်ဆိုင်ရာ စံချိန်စံညွှန်းနှင့်ကိုက်ညီခြင်းမရှိသော ထုတ်ကုန်ပေါ်တွင်ဖြစ်စေ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဖြစ်စေ စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ကို အသုံး ပြုလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။