စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ
Download : Myanmar / English
အခန်း(၄) စံချိန်စံညွှန်းလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၆။ ကောင်စီသည်-

(က) ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် အခြားသင့်လျော်သည့် ပညာရှင်တစ်ဦးဦးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သိပ္ပံနှင့်အင်ဂျင်နီယာဆိုင်ရာ ပညာရှင်များနှင့် ဥပဒေပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သည့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် အတွင်းရေးမှူးကို သတ်မှတ်တာဝန်ပေးအပ်ပြီး လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။

(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော ကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၇။ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို ရေးဆွဲ၍ ကောင်စီသို့ တင်ပြခြင်း၊

(ခ) စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်သည့် နည်းပညာ၊ ထုတ်လုပ်မှု နည်းစဉ်နှင့် စက်ကိရိယာတန်ဆာပလာများကိုသတ်မှတ်ခြင်း၊

(ဂ) ထုတ်ကုန်များကို အခါအားလျော်စွာ စစ်ဆေး၍ မဖြစ်မနေ လိုက်နာရမည့် မြန်မာနိုင်ငံစံချိန်စံညွှန်း နှင့်ကိုက်ညီမှုရှိ၊ မရှိ ဆုံးဖြတ်ခြင်း၊

(ဃ) သွင်းကုန်ပစ္စည်းနှင့်ပို့ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံစံချိန်စံညွှန်းနှင့် ကိုက်ညီခြင်းရှိ၊ မရှိ စစ်ဆေးနိုင်ရန် ညှိနှိုင်းစီစဉ်ပေးခြင်း၊

(င) အသိအမှတ်ပြုလွှာထုတ်ပေးရန်နှင့် သက်တမ်းတိုးမြှင့်ပေးရန် ကိစ္စရပ်များကို ထပ်ဆင့်စိစစ်၍ ကောင်စီသို့ တင်ပြခြင်း၊

(စ) ဥပဒေအရ တိကျစွာတိုင်းတာခြင်းနည်းပညာနှင့် စပ်လျဉ်းသည့် ကိစ္စရပ်ကို ကောင်စီသို့ တင်ပြခြင်း နှင့် ကောင်စီ၏ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်း၊

(ဆ) ထုတ်ကုန်၊ အသုံးပြုသောကုန်ကြမ်းပစ္စည်း၊ နည်းပညာ၊ ထုတ်လုပ်မှုနည်းစဉ်နှင့် စက်ကိရိယာတန် ဆာပလာများသည် သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိ၊ မရှိ သိရှိနိုင်ရန် အရည်အသွေး ထောက်ခံချက်ရရှိသူ၏ လုပ်ငန်းခွင်သို့ အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်းနှင့် စစ်ဆေးစေခြင်း၊

(ဇ) စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်း၊

(ဈ) မြန်မာနိုင်ငံစံချိန်စံညွှန်းကို စျေးကွက်နှင့် အခြားအခြေအနေများအရ လိုအပ်ပါက ပြင်ဆင်နိုင်ရန် ကောင်စီသို့ အကြံပြုတင်ပြခြင်း၊

(ည) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို ရေးဆွဲ၍ မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းနှင့် ဆန္ဒအလျောက် လိုက်နာနိုင်သည့် စံချိန်စံညွှန်းများကို အကြံပြုချက်ဖြင့် ကောင်စီသို့ ခွဲခြားတင်ပြခြင်း၊

(ဋ) ကော်မတီ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် နည်းပညာဆပ်ကော်မတီများ ဖွဲ့စည်းခြင်း နှင့် ယင်းဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

(ဌ) ကောင်စီက အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၈။ ကော်မတီသည်-

(က) မူဝါဒနှင့်သက်ဆိုင်သော အရေးကြီးသည့် ကိစ္စများကို ကောင်စီသို့ တင်ပြ၍ အဆုံးအဖြတ်ခံယူ ဆောင်ရွက်ရမည်။

(ခ) မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့တင်ပြရမည်။